၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန်စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကျင်းပ

 

နိုဝင်ဘာ ၂၅
၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကို ၂၅၊ ၁၁၊ ၂၀၁၈ ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ၌ ကျင်းပသွားမည်ဖြစ်ပြီး၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံအသစ်တွင် ဘာသာရပ် အားလုံး၌ လွယ် သင့် ခက် မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှုကို အားပေးသည့် မေးခွန်းများ ပိုမိုပါဝင်လာမည် ဟုသိရှိရပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများသည် ၂၀၁၅ ခုနှစ်တွင် (၆၃၂၃၁၄)ဦး၊ ၂၀၁၆ ခုနှစ်တွင် (၆၇၁၄၃၁)ဦး၊ ၂၀၁၇ ခုနှစ်တွင် (၇၆၇၄၂၂) ဦးနှင့် ၂၀၁၈ ခုနှစ်တွင် (၈၄၄၃၅၈)ဦးရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူ(၈၉၆၀၁၂)ဦး စာရင်းပေးသွင်းထားသဖြင့် (၂၅၀၀၀၀) ကျော် ပိုများလာပါကြောင်း၊ စာစစ်ဌာနများကိုလည်း ၂၀၁၅ ခုနှစ်၌ (၁၃၇၆)ခု၊ ၂၀၁၆ ခုနှစ်၌ (၁၄၇၀)ခု၊ ၂၀၁၇ ခုနှစ်တွင် (၁၅၉၄)ခု၊ ၂၀၁၈ ခုနှစ်တွင် (၁၇၄၂)ခုရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် (၁၈၈၁)ခုအထိ တိုးမြှင့်၍ စာမေးပွဲဖြေဆိုသူများ ပိုမိုအဆင်ပြေနိုင်ဆုံးဖြစ်ရန်အတွက် သတ်မှတ်ချက်နှင့်ကိုက်ညီမှုအရ တိုးချဲ့ ဆောင်ရွက်ပေးထားပါကြောင်း၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများနှင့် စာမေးပွဲခန်း ကြီးကြပ် မည့် ဆရာဆရာမများ အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းအစမှအဆုံးအထိ အကောင်းဆုံး ပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊စာမေးပွဲမေးခွန်း၊ အဖြေလွှာ၊ စာစစ်လုပ်ငန်း၊ အောင်စာရင်းလုပ်ငန်းများလုံခြုံမှုရှိစေရေး၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးတို့အတွက် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကြီးကြပ်ရေးမှူးများ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် အထောက်အကူပြု ဆောင်ရွက်မည့်သူများအား ဘက်မလိုက်ဘဲ မျှတစွာ တာဝန်ပေးအပ်ရန်လိုပါကြောင်း၊ စာမေးပွဲစည်းမျဉ်း စည်းကမ်းနှင့်အညီ မေးခွန်းလုံခြုံမှုရှိရေး၊ စနစ်တကျလွှဲပြောင်း၊ လက်ခံမှတ်တမ်းဖြင့် သက်ဆိုင်ရာသို့ လက်ဆင့်ကမ်းအပ်နှံ ဆောင်ရွက်ကြရန်နှင့် ကုဒ်လုပ်ငန်းဆောင်ရွက်ရန်အတွက် လုံလောက်သော ဆရာဆရာမ အရေအတွက်ဖြင့် တာဝန်ပေးအပ်ရန်လိုပါကြောင်း၊ စာစစ်လုပ်ငန်းဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်ဆရာမများ၊ အသက် ၅၈ နှစ်အထက် အသက်အရွယ်ကြီးသော ဆရာဆရာမများ၊ ကျန်းမာရေးမကောင်းသော ဆရာဆရာမများနှင့် ဘာသာရပ်နှင့်မကိုက်ညီသော အထက်တန်းပြ ဆရာဆရာမများအား စာစစ်တာဝန်ပေးခြင်း မပြုရန်နှင့် ဘာသာရပ်နှင့်ကိုက်ညီသော အထက်တန်းပြ လုပ်သက်(၂)နှစ် အထက်ရှိသည့် ဆရာဆရာမများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီ တာဝန်ပေးရန် နှင့် ပျက်ကွက်မှုမရှိအောင် အလေးထားပူးပေါင်း ဆောင်ရွက်ကြရန်လိုပါကြောင်း စသည်ဖြင့်ပြောကြား သည်။
ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဆွေးနွေး ဖြေကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်နှင့် တာဝန်ရှိသူများက ၂၀၁၉ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များနှင့်ပတ်သက်၍ ဆွေးနွေးပို့ချ ကြသည်။ အဆိုပါဆွေးနွေးပွဲသင်တန်းကို 25.11.2018 ရက်မှ 27.11.2018 ရက်နေ့အထိ ကျင်းပ မည်ဖြစ်ပြီး ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်၊ ရှမ်း(အရှေ့)၊ ချင်း(ပလက်ဝ) တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဆရာဆရာမစုစုပေါင်း ၁၀၆၇ ဦးတက်ရောက်ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပြဋ္ဌာန်းသင်ကြားမည့် Grade-10 ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်များရေးသားပြုစုရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေး သို့ တက်ရောက်၍ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်း ကော်မတီ ဥက္ကဋ္ဌနှင့်သင်ရိုး ရေးဆွဲရေး အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။